Friday, October 26, 2012

ရမ္မာဝတီရမ်းဗြဲ သမိုင်းကြောင်း



၁ ။ ရမ္မာတီဟုခေါ်သော ရမ်းဗြဲကျွန်းကား ရခိုင်ကမ်းမြောင်ဒေသတွင် ရေပတ်လည်ဝန်းရန်၍ တည်ရှိကြောင်း ၊ကျွန်း၏ပုံသဏ္ဍာန်မှာ ဝမ်းဘဲတစ်ကောင်ရေထဲတွင် နားနေသည်နှင့် တူ၍ ဝမ်းဘဲကျွန်း ဟုဆိုခဲ့ကြောင်းသိရသည်။

၂ ။ ရမ်းဗြဲကျွန်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ခရီးတေရှစ်( cretaceaus) အဆုံးတွင်ဖြစ်သော၊ အဲလ်ပိုင်တောင်တန်း လှုပ်ရှားမှု (alpine mountain building) ကြီးသည်၊ ဤကျွန်းစုအား ဖြစ်ပေါ်စေခဲ့ကြောင်း ၊ လွန်ခဲ့သော နှစ်ပေါင်းသန်း (30) ခန့်တွင် ပင်လယ်ရေဆုတ်ယုတ်မှုကြောင့်၊ ပလီယိုဆင် (plioeene) ခေတ်ပြီး ၊ တတိယအချိန်တွင် ရမ်းဗြဲကျွန်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တွန်းပို့ခြင်းခံရသည်။ တဖန်ရာသီဥတုခြေဖျက်တိုက်စားမှု (weathering) ကြောင့်၊ တောတောင်ချိုင့်ဝှမ်း လွင်ပြင်တို့ဖြင့် ရှုရှင်စဘွယ် လူနေထိုင်ရန် အခြေသို့ရောက်ရှိလာသည်။ဤရမ္မာဝတီသို့ မည်သည့်အချိန်ကစ၍ လူများအခြေချ နေထိုင်ခဲ့ကြသည်ကို သမိုင်းအထောက်ထားများ မတွေ့ရရှိသေးသော်လည်း ရခိုင်သမိုင်းစဉ်အရ (ဘီစီ ၃၀၀၀) သို့မဟုတ် ယင်းထက်စောဘွယ်ရာ ရှိပေသည်။

၃ ။ ရခိုင်ပြည်နယ်တွင် ဝေသာလီမြို့တော် မတည်ထောင်ခင် (အေဒီ-၃၂၇) ထိ၊ ရမ်းဗြဲသားများမှာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြဟန် တူပါသည်။ အဘယ်ကြောင့်ဆိုသော် ရမ်းဗြဲကျွန်းသမိုင်း ပေမူ ”က” ချပ်တွင်၊ အနောက်ဘက်မှ သင်္ဘေံာအစင်း (၃၀) လာတိုက်၍ ပါလေသည်။ လူ(၂၀၀) ကြွင်းကျန်လိုက်သည်။ လူတို့ကို ဓညဝတီသို့ သွင်း၍ထားသည်ဟု ပါရှိလေသည်။ စာတွင် ဓညဝတီဟုပါရှိသော်လည်း မည်သည့်မင်းဟုဖေါ်ပြထားခြင်းမရှိပေ။ သို့သော် ဓညဝတီခေတ်နှောင်းပိုင်းသာ ဖြစ်နိုင်ပါသည်။ ယင်းအချိန်က ရခိုင်မင်းများ၏ ရေတပ်မတော် ထားရှိခြင်းကို သိသာနိုင်ပါသည်။ ယင်းပေမူအရ ရမ်းဗြဲကျွန်းတွင် လူဦးရေ (3700) ရှိကြောင်း သိရပေသည်။ လူဦးရေ သီအိုရီ (porpulation theory) ဆင့်ကဲ ဖြစ်စဉ်အရ ယင်းခေတ် ယင်းအချိန်က ဤမျှ လူဦးရေ စုစည်းနေထိုင်ခြင်းသည် ယဉ်ကျေးမှုအဆင့်အတန်း မနမ့်ကျကြောင်းဖော်ပြနေပေသည်။  

ဓညဝတီရောက် ရမ်းဗြဲသားများ

၄ ။ ပင်လယ်ရေပတ်ခြာဝိုင်း၍ တိုင်းတပါးရန်များ တိုက်ခိုက်ခြင်း ရှိခဲ့ဟန် မတူခဲ့သော ရမ္မာဝတီရမ်းဗြဲသားများမှာ အေးချမ်းသာယာစွာရှိခဲ့ကြပြီး စစ်ရေးစစ်ရာတွင် ကျွမ်းကျင်ခဲ့ကြဟန်မတူပေ ၊ အမြဲတန်း စစ်တပ်လည်းရှိမည်မဟုတ် ၊ သို့ဖြစ်၍ ဓညဝတီရေတပ်၏ ခေါ်ဆောင်ရာနောက်သို့ သုံးပန်းဖြစ် လိုက်ပါခဲ့ရသည်။

၅ ။ ရမ်းဗြဲသားများ၏ အစဉ်လာအရ၊ ဆွေမျိုးစုခေါင်းဆောင်ဖြစ်သော သက်ကြီးစကား သက်ငယ်နားထောင်ရသည် ၊ ရမ်းဗြဲကျွန်းမှလာသော ရမ်းဗြဲသား (၇၀၀) အနက် အကြီးအကဲမှာ "ငပု" ဖြစ်သည် ။ ခေါင်းဆောင်ကြီး အဘ ငပုကား အသက် (၉၂) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သို့သော် သားမြေးမြစ် တို့ အား မှာထားခဲ့သော စကားတစ်ခုရှိပေသည်။  " သားမြေးတို့ ငါတို့ကား ရမ်းဗြဲသားများဖြစ်ကြသည်။ အခါအခွင့်ကို ကြည့်၍ မင်းကြီးအားလျှောက်ထားပြီး မိမိတို့၏ သားစဉ်မြေးဆက် နေထိုင်ခဲ့သော ရမ်းဗြဲကျွန်းကို ပြန်လည်ထူထောင်ခွင့် ရလိုကြောင်းနှင့် မင်းကြီး၏မော်ကွန်းတံဆိပ်ဖြင့် ထွက်ကြလေ" ဟု မှာထားခဲ့လေသည်။

ရမ္မာဝတီ ရမ်းဗြဲကျွန်းသို့

၆ ။ ရမ်းဗြဲကျွန်းမှ ထွက်ခွာခဲ့သည်မှာ နှစ်(၃၀) ကြာခဲ့ပြီးဖြစ်သည်။ မြို့တော်နေရာမှာလည်း ဓညဝတီမှ ကန်သုံးဆင့်၊ ကန်သုံးဆင့်မှတဖန် ဝေသာလီကျောက်လှေကား ရွှေမြို့တော်သို့ အခိုင်အမာပြောင်းရွှေ့တည်ထောင်ခဲ့ကြပြီးဖြစ်သည်။

၇ ။ အခါအခွင့်သင့်၍ ဝေသာလီပြည့်ရှင်၊ မဟာတိုင်းစန္ဒရား မင်းကြီးထံသို့ ရမ်းဗြဲဆွေမျိုးစု ခေါင်းဆောင်၊ ငဖြူကြီးသည် ရမ်းဗြဲကျွန်းသို့ ပြန်လိုကြောင်း လျှောက်ထားသည်၊ သို့နှင့် အေဒီ (၃၁၉) တွင် မဟာတိုင်းစန္ဒရားမင်းကြီးသည် အမတ်စစ်ကဲကြီးတို့အား စေလွှတ်၍ ရမ်းဗြဲကျွန်းတွင် ရွာတည်ထောင်စေသည်။ ရေချမ်းကြီး၊ မင်းပြင်၊ သလူတောင်၊ ဝက်တိုးပြင်၊ ဇင်ချေင်း၊ မယင်း၊ ကင်း၊ လေးတောင်၊ ကျောက်ချောင်း၊ ကန်တိုင်း၊ ချောင်းကောက်၊ ကံကော်၊ ရပဒင်၊ ရမ်းပေါက်၊ ဇပြင်၊ ရွာပုလဲ၊ ဟုန်း၊ ရမ်းဗြဲငယ်၊ ရမ်းဗြဲကြီးတို့ကို တည်ထောင်သည်။ ရွာများတွင် ဆွေမျိုးအကြီးအကဲအလိုက် ခန့်အပ်၍ ကျွန်းအုပ်အဖြစ်မူ "ငဖြူကြီး" အား စန္ဒရားမင်းကြီး၏ ရွာတည်မော်ကွန်းစာနှင့်အတူ ခန့်အပ်သည်။

မော်ကွန်းစာ  
၈ ။ မဟာစန္ဒရားမင်း၏ မော်ကွန်းစာမှာ ငွေပြား (သို့မဟုတ်) ကြေးပြားပေါ်တွင် ယင်းခေတ် ဝေသာလီသုံး ဗြဟ္မဟီအက္ခာဖြင့် ရေးထိုးထားပေလိမ့်မည်။ မြို့စားခန့် အမိန့်တော်ပြန်တမ်းဖြစ်၍၊ ယင်းခေတ်၏ အုပ်ချုပ်ရေး စနစ်ကျနမှုကို ခန့်မှန်းနိုင်ပါသည်။ ယင်းမော်ကွန်းစာတွင် ရာထူးခန့်အပ်ကြောင်းပါရှိသည်။ မော်ကွန်းကို သားစဉ်မြေးဆက် တရိုတသေ ထိန်းသိမ်းထားရသည်။ " ငညို" က မော်ကွန်းစာကို ဆက်ခံသည်။ အဆိုပါ မော်ကွန်းစာအရ ရမ်းဗြဲကျွန်း မှ (၃)နှစ် (၃)လ လျှင် တစ်ကြိမ်ကျ၊ ပေါက်ဆိန်သည် (၃၃)ဦး၊ လှေ(၃)စီး၊ ပျားဖယောင်း(၃၃)အိုး၊ ဝေသာလီဘုရင်ထံ ဆက်သရသည်။

အရှေ့ပြည်ရောက် ရမ်းဗြဲသားများ

၉ ။ အေဒီ  ၁၃၂၇-ခု တွင် အာဏာပိုင်တို့သည် ရမ်းဗြဲကျွန်းသို့ လာရောက်တိုက်ခိုက်သည်။ လူအချို့ကို ခေါ်ဆောင်ကာ မဏိပူရ နယ်စပ်တွင် အခြေချထားပေးခဲ့သည်။ အဝမင်းခေါင်လက်ထက် အေဒီ ၁၄၁၈ တွင် ရမ်းဗြဲကျွန်းသို့ လာရောက်တိုက်ခိုက်ပြန်သည်။ ဖမ်းဆီးရမိသော ရမ်းဗြဲသားများမှာ လမူးချောင်းဖျားမှ ကျောက်တံခါး၊ ကျောက်တံခါး မှ နုဂရစ်ကုန်း၊ မင်းတုန်း၊ ကာမအတိုင်း ယူဆောင်သည်။ အဝမင်းခေါင်အား ဆက်သရာ၊ စစ်ကိုင်းမြို့တွင် အခြေချထူထောင်ခဲ့ကြသည်။

၁၀ ။ အရှေ့ပြည်ရောက် ပင်လယ်ပျော် ရမ်းဗြဲသားများမှာ မပျော်မွေ့ကြ၊ ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ကြသော ရမ္မာဝတီ ရမ်းဗြဲကျွန်းသို့သာ တမ်းတလျှက်ရှိသည်။ သို့ဖြစ်ရာ " ငါတို့ကား အသက်ကြီးပြီ၊ ငါတို့သည် ရမ်းဗြဲသားဖြစ်၍ ငါတို့ ဘိုးဘွားနေထိုင်ခဲ့ရာ ဇာတိမြေသို့ သားမြေးတစ်စုံတစ်ယောက် ရောက်ကြောင်းကြံ၍ သွားကြလေ၊ ဤမဟာ စန္ဒရား မော်ကွန်းစာကို ငါတို့ဘုရင်အား ဆက်သလေ" ဟု သားစဉ်မြေးဆက် မှာထားခဲ့ကြသည်။

၁၁ ။ ဤနည်းဖြင့် အခါအခွင့် အခြေအနေကို စောင့်စားခဲ့ကြသည်။ ဆွေစဉ်မျိုးဆက်၊ သုံးဆက်လွန်ပြီးနောက် "ငကောင်းရွှေ" " ငညို" "မောင်နှောင်း" အမျိုးးသမီး "တော်ပု" "အညို" စသည်တို့က ခေါင်းဆောင်၍၊ စုစုပေါင်း ရမ်းဗြဲသား (၁၀၆၀) ဦးတို့သည် တစ်တောဝင်၊ တစ်တောင်ကျော်၍ ဆွေစဉ်မျိုးဆက် မှာထားခဲ့ကြသည့် ရခိုင်မြေသို့ မှန်းဆကာ လာခဲ့ကြသည်။ ဝေသာလီပြည်ရှင် ဘုရင်စန္ဒား၏ မော်ကွန်းကျောက်စာကိုလည်း သုတို့နှင့်အတူ တရိုတသေယူလာခဲ့ကြသည်။ လမ်းခရီး၌ တစ်နှစ်ကြာပြီးမှ ရခိုင်ရိုးမကို ကျော်ပြီး လမူးချောင်းသို့ ရောက်ခဲ့ကြသည်။

၁၂ ။ လမူးချောင်းစား "ငဖြူ" က ရမ်းဗြဲသားများအား ဖမ်းဆီးကာ မြောက်ဦးဘုရင်ထံ ဆက်သလေသည်။ ရမ်းဗြဲသားများသည် ယင်းတို့သားစဉ်မြေးဆက် ထိန်းသိမ်းလာခဲ့သော မဟာစန္ဒရား မော်ကွန်းစာကို ပြ၍ မိမိတို့၏ ဘဝဇာတ်လမ်းစုံကို လျှောက်တင်ကြလေသည်။ မော်ကွန်းစာအား မြောက်ဦးနန်းတော်တွင် ရွှေစာဖတ်"မောင်ပု" က ဖတ်ပြသည်။ အကြောင်းစုံ သိရသော် မြန်မာသက္ကရာဇ် (၈၈၀) အေဒီ (၁၅၁၈) တွင် ရှေးဘေးဘိုး အစဉ်အလာအတိုင်း ရမ်းဗြဲကျွန်းတွင် တည်ထောင်စားသောက်စေသည်။

၁၃ ။ ရမ်းဗြဲကျွန်းသည်ကား အကြိမ်ကြိမ်ဖျက်ဆီးခံရ၍ ဘုရားပုထိုး၊ ဂူ၊ ကျောင်း၊ နေအိမ်အားလုံး ပျက်စီးခဲ့ပြီး ဖြစ်ရကား၊ စီးပွားရေး၊ လူမှုရေး၊ အဖက်ဖက်မျ ပြည့်သုံအောင် တည်ဆောက်ရသည်။ မြောက်ဦးမြို့တော်မှ အနန္တသူရိယ၊ အမတ်ကြီးတို့နှင့် အတူ၊ သီဟိုဋ္ဌ်ပြန်အောင်လှ၊ သိုက်တတ်ဟရီ၊ ပညာရှိများ၊ ပန်းတိမ်သည်၊ သံထည်သည်၊ ဘုန်းကြီး စသည်ဖြင့် စုံအောင် ရွာအလိုက် နေရာချထားပေးသည်၊ ပြင်ဝန်းတွင် ဘုရားသုံးကျိတ်တစ်ပါး၊ ကျောက်စာတိုင် သုံးလုံး၊ ကျက်တောပြင်တွင် ကျောက်စာတိုက် ခုနှစ်လုံး၊ ရေချမ်းကြီးပြင်လယ်ချောင်းတွင် ဘုရားသုံးကျိတ်၊ ဓါတ်တော်ငါးလုံး မင်းပြင်တောင်ရင်း၊ သိမ်ကျောင်းအနီးတွင် ကျောက်စာတိုင် ခုနှစ်လုံး စသည်ဖြင့် သာသနာရေးအတွက် ဆောင်ရွက်သည်။ ကျောက်စာတိုင်းတစ်ခုတွင် အောက်ပါအတိုင်း ရေးထိုးထားသည်။
    " ငါ့ကောင်းမှုကို ဖျက်သီပြုသော သူကား၊ သာသနာငါးထောင်                   တိုင်စောင့်နတ်ဖြစ်၍ သေလေစေ၊    အရင်မင်းကိုစောင့်သော နတ်သတ် လျှက် သေလေစေ၊ ဘုရားတစ်သောင်းပွင့်၍ မတွဲ့ပဲ ဟိလေစေ၊ ကဘာမြေကားအထက် ငါကောင်းမှုရိုင် ဖျက်ဆီးခြားနားပြုသော သူကား အောဝီဇိတွင် ဟိစေလေ"                                  "ကျောက်စာတိုင်ကား သုံးတောင်နှင့် လက်ဝါးထဘီ"

၁၄ ။ နှစ်ပေါင်းနှစ်ရာကျော် ကြာညောင်းခဲ့လေပြီ၊ ရမ္မာဝတီ ရမ်းဗြဲကျွန်းကား ဘင်္ဂလားပင်လယ်အော်ထဲတွင် တည်ငြိမ်အေးချမ်းစွာ ရပ်တည်ဆဲ
"အေးအေးထွေထွေ၊ ရံပင်လေ(လယ်)နှင့် ကမ်းခြေသာယာ ကျွန်းရမ္မာဟု၊ အုပ်အော်ပင်လယ်၊ ပျော်ပါးဘွယ်နှင့် မြနယ်မြရောင်၊ မြရိပ်ဆောင်သည်၊ မြတောင်၊ မြတော၊ မြရောင်ကျောသည့်၊ မနောရမ္မာ၊ ကျွန်းဒီပါထက်၊ အချက်ချက်ဖွေ၊ အထွေထွေတိ၊ မြူတေပွားစီး၊ တန်းတပ်ဘီးမျှ၊ သစ်သီးဝလံ၊ ပေါများလျှံသည်" ဟု ကင်းဆရာက စပ်ဆိုခဲ့ပေသည်။
သို့သော် လည်း ရမ်းဗြဲသားများအဖို့၊ ကံကြမ္မာရမတ် တပတ်လည်ပြန်၍၊ တိုင်းပြည်မငြိမ်မသက်ဖြစ်ကာ၊ ဇာတိမြေကို စွန့်ခွာပြေးရပြန်သည်။ ကမ်းမမြင်၊ လမ်းမမြင်၊ ပင်လယ်ခရီးကို စွန့်စားခန်း ထုပ်ခဲ့ရပြန်သည်၊ ဤနည်းဖြင့် ရမ်းဗြဲသားများသည် ဘင်္ဂလား အဝကျွန်းသို့ ရောက်ခဲ့ရပြန်သည်။

ရမ်းဗြဲစကား

၁၅ ။ "ရမ်းဗြဲစကား" ဟူသည်မှာ သီခြားလုမျိုးစု မဟုတ်မူပဲ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရခိုင်ရိုးမ၏ အနောက်ဘက်ခြမ်းမှ ရခိုင်သားများပင်ဖြစ်ပါသည်။ ချောင်းနားနေသူကို "ချောင်းသား"တောင်မှာနေသူကို" တောင်သား"ကျွန်းမှာနေသူကို"ကျွန်းသား " ဟု ခေါ်သကဲ့သို့ ရမ်းဗြဲကျွန်းမှာ နေသူများဖြစ်၍ "ရမ်းဗြဲသား "ဟု ယေဘုယျ ခေါ်ဆိုခြင်းသာ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ သမိုင်းအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ပြီးနောက်တွင် ရမ်းဗြဲကျွန်းတစ်ခုထဲတွင် မတွေ့ရပဲ ရခိုင်ပြည် အနှံ့နှင့် ယင်းထက်ပို၍ ပို၍ လှမ်းသည့်နေရာထိ ရေခြားမြေခြားတွေ့ရသည်။ သို့သော် မိရိုးဖလာ၊ စဉ်လာဓလေ့များကို မမေ့ပစ်ကြ၊ မဖျောက်ပစ်ကြ၊ ပြောဆိုသုံးစွဲသောစကားမှာ ရခိုင်ဒေသန္တ၇ စကားသာဖြစ်၍ ရမ်းဗြဲစကား ( Rambye Dialects) ဟု ခေါ်ဆိုကြသည်။ လေယူလေသိမ်း အသုံးနှုန်းမှာ စိတ်ဝင်စားဘွယ် ဖြစ်သည်။

၁၆ ။ ရမ်းဗြဲသားများမှာ လုံချည် (ဒယော) ကို (ခယောက်၊ ခတောင်း) ဟူ၍ လည်းကောင်း၊ ခလေး (အဘုချေ) ကို (အစိတ်ကေချေ) ဟူ၍ လည်းကောင်း ခေါ်ကြသည်။ မိသားစု၊ ဆွေမျိုးအခေါ် အဝေါ်နှင့် ပတ်သက်၍လည်း အိယောင် (မိခင်)၊ ဘာဘာ (ဖခင်)၊ ဒိုးဒိုး (အဖွား)၊ မင်းမင်း (ဦးလေး) ဟူ၍ ခေါ်ဆိုကြသေးသည်။ ရခိုင်ဒေသန္တရစကား အချို့တွင် "ရှိယင့်" "ရှိလား" ဟု သုံးစွဲပြောဆိုကြသော်လည်း၊ ရမ်းဗြဲသားများမှာ "ဟိရေ" "ဟိလား" စသည်ဖြင့် ပြောကြသည်။

၁၇ ။ အေဒီ ၁၄၅၅-ခု ဘစောဖြူမင်းလက်ထက် "ဖဒူမင်းညို" ရေးစပ်သီကုန်းသော မှောက်တော်ဧချင်းအပိုဒ် (၉) တွင် "မဟာမုနိ၊ ဟိသည်၊ ယခု ဆင်းရုပ်တုကို" ဟု၍ တွေ့ရပေရာ၊ ရမ်းဗြဲစကားကပို၍ ရခိုင်ဆန်သည်၊ ရှေးကျသည်၊ အေဒီ ၁၁၂၃-ခုတွင် ရေးထိုးသော ကောလိယကျောက်စာ၌ "ငါနှင့်တူသူ၊ လူတွင်မဟိ" ဟူ၍ ရမ်းဗြဲစကား " ဟိ" ကို သုံးထားသည်။ ရမ်းဗြဲသားများ သုံးစွဲလေ့ရှိသော " ရေပသျှောင် မလုပ်ကေ့" (ဤကဲ့သို့ မလုပ်နဲ့) "အစွာဖြိုက်တောင်" (ဘာဖြစ်လဲ) စသော အသုံးနှုန်းများကို ဝေသာလီ၊ ရွှေတောင်ကျောက်စာ၊ အေဒီ ၄၇ ခု မှ ၉၇ ခုတွင် ဤသို့ တွေ့ရသည်။

နေရာအနှံ့နေထိုင်ကြသော ရမ်းဗြဲသားများအား အောက်ပါရမ်းဗြဲစကားဖြင့် ခွဲခြား၍ သိနိုင်သည်။ ရမ်းဗြဲသား ဇာတိပြသည်ကား ဤအသုံးနှုန်းပင် -
၁။   မင်းတို့ ဘယ်တော့လာမှာလဲ    (မြန်မာ)
      မန်းရို့ ဇာခါလာဖို့လေး           (စစ်တွေ)
      မတ်ရို့ အဇာခါလာဖို့ရောင်       (ရမ်းဗြဲ)
၂။   မရှိတော့ဘူး                        (မြန်မာ)
      မရှိဗျာယ်                            (စစ်တွေ)
      မဟိရာ                               (ရမ်းဗြဲ)

၁၉ ။ ၁၉၁၇- ခုနှစ်ထုပ် ဘာသာစကား သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲစကားပြောသူ ဦးရေ (၅၉၀၂၄) ဦးရှိ၍ ရခိုင်စကားပြောသူ (၅၀၆၁၃) ဦးရှိကြောင်း သိရှိရပေသည်။ ရမ်းဗြဲမြေကား ကျွန်းဟုဆိုသော်လည်း ပြန့်ပြူးသော မြေမျက်နှာပြင်ကား မဟုတ်၊ တောတောင်လျှိုမြောင်၊ ရေတံခွန်စိမ့်စမ်းတို့ဖြင့် ပြည့်နက်ဘိ၏၊ လယ်မြေ၊ ယာမြေ နည်းပါး၍ လုပ်ခင်းကိုင်းခင်းမကောင်းပေ၊ သို့ကြောင့်ပင် ကာယလုပ်အားထက် ညာဏလုပ်အားကို အားကိုးရသည်။ ရမ်းဗြဲသားများတွင် ဘုန်းကြီး၊ ဗေဒင်ဆရာ၊ ဆေးဆရာ၊ စာပေ၊ မနုပညာရှင်၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ပန်းပဲ၊ ပန်းရံ၊ ပန်းတိမ်၊ လက်သမား၊ စာဟောဆရာ၊ ငစေဆရာ စသည်ဖြင့် အတတ်ပညာမျိုးစုံတတ်ကြသည်။


၂၀ ။ ရမ်းဗြဲသားများသည် မိမိတတ်သောပညာဖြင့် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နေ့ခင်းရက်သာရာသီများတွင် မြန်မာပြည်အနှံ့ ခရီးဆန့်၍ မနေမနား၊ ပျားပန်းခတ်မျှ အလုပ်လုပ်ကြသည်။ သို့ကြောင့်ပင် စစ်တွေခရိုင် အရေးပိုင်ဟောင်း အာ၇်ဘီစမတ် (R.B.Smart) က စစ်တွေခရိုင် ဂဇက်တီးယားစာအုပ်တွင် ရမ်းဗြဲသားများသည် လုံလဝရိယနှင့် ပြည့်စုံကြသည် စသည်ဖြင့်ဖော်ပြခဲ့သည်။ ပရိယောသနဝမ်းရေးးအတွက် မည်သည့်နေရာတွင် မည်မျှပင် မည်မျှပင်ကြာကြာနေရ နေရ  ဇာတိသနစ်ကိုကား မဖျောက်ပစ်ကြ၊ ကံကြမ္မာဂြိုလ်ဆိုး မည်မျှပင်တိုးစေ နှစ်ပေါင်းထောင်ချီ၍ သမိုင်းအမျိုးမျိုးကို တွန်းလှန်းကျော်လွှားခဲ့ကြပြီး ကြံ့ကြံ့ခံခဲ့ကြပြီး ခရီးရှည်ချီတက်ပွဲကြီး အကြိမ်ကြိမ်နွှဲခဲ့ဘူးကြပြီ။

၂၁ ။ ယခုအခါ ရမ်းဗြဲမြို့တွင် ရပ်ကွက်(၆) ခုရှိသည်။ သာယာကုန်း၊ သဲပြုချိန်၊ ရွှေတုံး၊ အိုးဖိုစု၊ ပုတင်းစု၊ တန်းနားပြင်၊ အင်းတောင်၊ အောင်ဆိပ်၊ ကင်းတဲ၊ ကုလားတန်း၊ အုန်းထပင်စု၊ အောင်စေတီ၊ လောင်းချောင်း၊ တန်းရွာ၊ ပုလုပ်တောင် စသည်ဖြင့် အစုငယ်များခွဲခြားထားသည်။ မြို့၏ ကျက်သရေဆောင် သမိုင်းဝင် ကိုယ်ရန်တောင် စေတီတော်ဘုရားကြီး တည်ရှိသည်၊၊ ရိုးရာပွဲများ အနက် ရမ်းဗြဲမြို့၏ ရခိုင်ရိုးရာလှေပြိုင်ပွဲမှာ အထင်ရှားဆုံးဖြစ်သည်။ ရမ်းဗြဲသားများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းဖော်ထုတ် ကြရဦးမည်မှာ ယုံမှားဖွယ်ရာ မရှိပါကြောင်း တင်ပြလိုက်ရပါသည်။

                   


                  ဖတ်ရှုသူပရိသတ်များကို ရမ်းဗြဲသား ဘလော့  မှ အထူးပင်ကျေးဖူးတင်ရှိပါသည်။
                        ဆက်လက်ပြီး ရခိုင်ရိုးရာ လှေပြိုင်ပွဲ ကို ဆက်လက်ရေးသားပါဦးမည်။
   ဒီ ဘလော့လေးကို ရမ်းဗြဲမှ ညီအစ်ကိုမောင်နှမများမှ ဆက်လက်ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းပါတယ်
                           သတင်း၊ သမိုင်း၊ ဓါတ်ပုံများ နှင့်အကြံပြုစာများပေးပို့နိုင်ပါတယ်          
                     
                                            yambye.aungrammer@gmail.com
                                                   Facebook / phyoe phyoe


1 comment:

  1. ရမ္မာဝတိလား ရမ္မာဝတီလား ရေးသားတင်ပြရေလူ ပြန်ပြီးကေ ပြင်ပီးစီချင်ပါရေ။ ပဇောင်ပိုင်ဖြစ်ဖြစ် ကျေးဇူးတင်ပါရေ။

    ReplyDelete