Sunday, July 2, 2023

ရွှေအကြောင်း သိကောင်းစရာ


ရွှေအကြောင်း သိကောင်းစရာ ppc
ရွှေ (Gold)
------------
 ရွှေ၏ ဓါတုဗေဒ သင်္ကေတမှာ Au ဖြစ်ပြီး အက်တမ်အမှတ်စဉ် (atomic number) မှာ 79 ၊ အက်တမ်အလေးဆမှာ (atomic weight) မှာ 196.966569/197.3 တို့ဖြစ်ပါသည်။
ရွှေ၏ အရည်ပျော်မှတ် (melting point) မှာ 1337.33K/ 1064.18Cနှင့် ဆူပွက်အမှတ် (boiling point) မှာ 3243K/2970C ဖြစ်ပါသည်။
ဒြပ်စင်အမျိုးအစားမှာ transition metal ဖြစ်ပြီး အစိုင်အခဲ (solid) အသွင်ဖြင့်တွေ့ရှိရပါသည်။ ရွှေ၏ သိပ်သည်းဆ (density of gold) မှာ 19.0/19.2/19.32 (19.30 g per cm cu- near r.t) ဖြစ်ပြီး ပြည်တွင်းဖြစ် အခေါက်ရွှေတုံးများဖြစ်သော အကယ်ဒမီတံဆိပ်မှာ 19.27 နှင့် ဘသန်းတံဆိပ်မှာ 19.25 သိပ်သည်းဆများသာရှိကြပါသည်။
ရွှေ၏ အရောင်မှာ တောက်ပသောအဝါရောင်ဖြစ်ပြီး ချို၊ ဖန်၊ အေး ဟူသော အရသာသုံးပါးကို ပိုင်ဆိုင်ပါသည်။ ဓါတ်သဘောအရ မပျက်ဆီးသောဓါတ် ( နိဗ္ဗာန ) ဖြစ်ပြီး တော်ဝင်အက်ဆစ်များနှင့် ဓါတ်ပြုမှုမရှိသောကြောင့် တော်ဝင်သတ္တု ( royal metal) ဟု တင်စားခေါ်ဝေါ်ပါသည်။ ကမ္ဘာ့မြေလွှာတွင် ရွှေပါဝင်မှုနှုံးမှာ 1/10000000000 % ဖြစ်ပြီး အမာစကေး (moh scale) မှာ 2.5 - 3 ဖြစ်ပါသည်။
ကမ္ဘာ့ရွှေရောင်းဝယ်မှုတွင် ရွှေသန့်စင်မှုကို ဖော်ပြသော သင်္ကေတများမှာ 999.9/ 99.99/ 100%/ 24K (karat) / fine gold ဖြစ်ပြီး မြန်မာ့ရွှေရောင်းဝယ်မှုတွင် ဖော်ပြသောသင်္ကေတမှာ အခေါက်ရွှေ / မီးလင်းရွှေ/ ၁၆ ပဲရည်ရွှေ ဟူ၍ အသုံးပြု ကြပါသည်။

ရွှေသည် သလင်းကျောက် ( quartz) အမျိုးအစားဖြစ်ပြီး သံကလိုရိုဒ်၊ ကြေးကလိုရိုဒ်၊ သံဆာလဖိုဒ်၊ ကြေးဆာလဖိုဒ်များနှင့်တွဲ၍ တွေ့ရများပါသည်။ သဘာဝတွင်းထွက်ရွှေများတွင် ငွေ (silver)၊ ခဲ (lead) ၊ သွပ် ( zinc) ၊ ကြေး (copper)၊ သံ (iron) တို့နှင့် ရောနှောပါဝင်လျက်ရှိပါသည်။ ရွှေကို သလင်းကျောက်အတွင်းမြှုပ်နေသော အလွန်သေးငယ်သည့် အမှုန်များအဖြစ် တွေ့ရှိနိုင်သလို သဘာဝအတုံးငယ်များ (nugget) အဖြစ်လည်းတွေ့နိုင်ပါသည်။
ရွှေသည် အခြားသောသတ္တုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပျော့ပြီး နန်းဆွဲနိုင်သောကြောင့် နန်းကြိုးဆွဲရန်အလွယ်ကူဆုံး သတ္တုဖြစ်ပါသည်။ အပူနှင့် လျှပ်ကူးသတ္တိအများဆုံးရှိသည့် သတ္တုဖြစ်ပါသည်။ ရွှေကို တော်ဝင်သတ္တု ( nobel metal) ဟုခေါ်ပြီး ဒြပ်စင်အဖြစ်သာတွေ့ရှိရပါသည်။

ရွှေသည် အခြားသောသတ္တုများနှင့် နှိုင်းယှဉ်ကြည့်လျှင် ပိုပျော့ပါသည်။ နန်းကြိုးဆွဲရန် အလွယ်ကူဆုံးသတ္တုဖြစ်ပြီး အပူနှင့် လျှပ်ကူးသတ္တိ အများဆုံးရှိသည့် သတ္တုဖြစ်ပါသည်။ ရွှေကို တော်ဝင်သတ္တု (Nobel metal) ဟုခေါ်ပြီး ဒြပ်စင်အဖြစ်သာ တွေ့ရှိရပါသည်။
ရွှေအစစ်ကို မည်သည့်အက်ဆစ် (acid)၊ အယ်ကာလီ (alkali) တစ်မျိုးတည်းဖြင့် ဓါတ်မပြုနိုင်ပါ။ ရွှေတွင်ရောစပ်နေသော သတ္တုဓါတ်များကို နိုက်တြစ်အက်ဆစ် (nitric acid) ခေါ် ဘော်စားငရဲမီးဖြင့် အပူပေး၍ ဓါတ်ပြုစေပါက ရွှေတွင်ရောစပ်နေသော အခြားသတ္တုဓါတ်များကိုသာ ဓါတ်ပြုစေ၍ ကြေပျက်ပျောက်ကွယ်စေပြီး ရွှေအစစ်သာ ကျန်ရှိသည်ကို တွေ့ရှိရပေမည်။ ရွှေကို တော်ဝင်အက်ဆစ် HCl+ HNO3 (nitric acid) 3:1 ဖြင့်သော်လည်းကောင်း၊ ဗေ့စ်ဂုဏ်ရှိ Dicromate ဖျော်ရည် NaCN + HNO3 (nitric acid) 1/4 : 3/4 ဖြင့်သော်လည်းကောင်း အရည်ပျော်စေနိုင်ပါသည်။
အခြားသတ္တုများမပါဝင်သောရွှေကို ဆီလီနစ်အက်ဆစ် (Selenic acid) ဖြင့် အရည်ပျော်စေနိုင်ပါသည်။

ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( က )
- - - - - - - - - - --- - - - - - - - - - - - - - -
၃၆ မရမာအဏုမြူ = အဏုမြူ
၃၆ အဏုမြူ             = ၁ လိက္ခာမြူ
ရ     လိက္ခာမြူ           = ၁ သန်းဦးခေါင်း
ရ  သန်းဦးခေါင်း        = ၁ မုန်ညင်းလုံး
၃ မုန်ညင်းလုံး        = ၁ နှမ်းလုံး
၄ နှမ်းလုံး              = ၁ ချင်ရွေး
၈ ချင်ရွေး                    = ၁ ပဲ
၅ ပဲ                                = ၁ မတ်
၂ မတ်                            = ၅ မူး
၂ ငါးမူး                          = ၁ ကျပ်
၅ ကျပ်                           = ၁ ပို
၂၁ ပို                              = ၁ ပိဿာ
၄ ပိဿာ                        = ၁ ကုလာ
၄ ကုလာ                         = ၁ ပုံ

ရှေးခေတ်သုံး မြန်မာ့ရွှေအလေးချိန် ( ခ )
- - - - - - - - - - - - - - - - - - - - - - - - - - - - - -
၂ ရွေးလေး  =  ၁ ရွေးကြီး
၃ ရွေးကြီး    =  ၁ ပဲသား
၂ ပဲသား       =  ၁ မူးသား
၂ မူးသား      =  ၁ မတ်သား
၂ မတ်သား  =  ၁ ငါးမူးသား
၂ ငါးမူးသား  =  ၁ ကျပ်သား
၁ ကျပ်သား =  ၁ ၂၀ ရွေးလေး
၁၀၀ ကျပ်သား=  ၁ ပိဿာ
ယခုခေတ်သုံး မြန်မာ့ရွှေအလေးချိန်
- - - - - - - - - - - - - - - - - - - - - - - - - - -
၁ ကျပ်သား  = ၁၆ ပဲသား
၁ ပဲသား        =     ၈ ရွေးသား ( used ygn)
                        = ရ ရွေးတစ်ခြမ်း ( used mdy)
၁ ကျပ်သား  = ၁၂၈ ရွေးသား ( used ygn)
                        = ၁၂၀ ရွေးသား  ( used mdy)
 ရွေးတန်ဘိုးမှာ ရန်ကုန် နှင့် မန္တလေး မတူသော်လည်း ချိန်တွယ်ရာတွင် အသုံးပြုသော အလေးများမှာ အတူတူပင်ဖြစ်ပါသည်။

Credit: ဆရာ ဦးဝင်​း​မော်

Sunday, October 28, 2012

ရမ္မာဝတီရခိုင်ရိုးရာ လှီပြိုင်ပွဲသမိုင်း နှင့် သရုပ်ဖော်အကသီချင်း



   လှီပြိုင်ပွဲ၏ အဓိပ္ပါယ်

၁၉၇၅ - ခုနှစ်တွင် ကျင်းပသော (၂၈) နှစ်မြောက် ပြည်ထောင်စု အခမ်းအနားတွင် ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသားများ၏ ကိုယ်စားရမ်းဗြဲမြို့နယ်၏ ယဉ်ကျေးမှုအစဉ်လာတစ်ရပ်ဖြစ်သော "လှီပြိုင်ပွဲ" ကို အကဖြင့်သရုပ်ဖော်၍ တိုင်းရင်းသားညီအစ်ကိုများထံ တင်ဆက်ကပြခဲ့ပါသည်။ ရိုးရာလှီပြိုင်ပွဲနှင့် ပတ်သက်၍ မဖော်မှီ "လှီပြိုင်" ပွဲဟူသော စကားရပ်၏ အဓိပ္ပါယ်ကို အနည်းငယ်ရှင်းလင်းရန်လိုပါမည်။ "လှီ" ဟူသောစကားမှာ မြန်မာဝေါဟာရအားဖြင့် "လှေ" ကိုခေါ်ခြင်းပင် ဖြစ်ပါသည်။"လှီ" ဟူသော ရခိုင်စကားသည် မြန်မာဝေါဟာရ အခေါ်အားဖြင့် အဓိပ္ပါယ်သက်ရောက်သော ပိန်လှီခြင်း၊ သေးသွယ်ခြင်း၊ ကြုံလှီခြင်း သဘောသက်ရောက်သော လှီ၏ အဓိပ္ပါယ်မျိုး မဟုတ်ပေ၊ မြန်မာတို့၏ သဝေထိုးသံကို ရခိုင်အသံ ဝေါဟာရ အခေါ်အရ လုံးကြီးတင်ဆံခတ် သံထွက်ခြင်းပင် ဖြစ်ပါသည်။
ဥပမာအားဖြင့် -

     ရခိုင်   -   မြန်မာ
     လှီ     -   လှေ
      ရီ      -   ရေ
      နီ      -    နေ
     လီ    -   လေ
      င်္မြီ     -   မြေ
     ဈီး    -    ဈေး
      ရွှီ     -    ရွှေ

 သို့ဖြစ်ရာ လှီပြိုင်ပွဲဆိုသည်မှာ လှေပြိုင်ပွဲပင် ဖြစ်သည်။ ရခိုင်တွင် "လှီ" ကို "လောင်း" ဟူ၍ လည်းခေါ်ဝေါ်သုံးစွဲကြပါသည်။


   ရခိုင်ပြည်တွင် လှီပြိုင်ပွဲ စတင်ပေါ်ပေါက်လာပုံ

၁။  လှီပွဲသဘင် ဆင်ယင်ကျင်းပသော ထုံးဓလေ့သည် ရခိုင်ပြည်၌ မြန်မာသက္ကရာဇ် ၉၁၈-ခုနှစ်တွင် နန်းတက်သော ရခိုင်ဘုရင် မင်းစောလှလက်ထက်တွင် စတင်ပေါ်ပေါက်ခဲ့ကြောင်း၊ ဘုရင်မင်းစောလှသည် နန်းတက်သောနှစ်မှာပင် ရှေးဘိုးလောင်းတော်၊ ဘေးလောင်းတော်တို့ အသစ်ပြန်လည်တည်ထားဆောက်လုပ်၍ ပြီးစီးခြင်းမရှိခဲ့သော မဟာမုနိသိမ်တော်ကြီးကို အပြီးတည်ဆောက်တော်မူပြီး မခံခဲ့ဘူးသော ရေသဘင်ဆင်ယင် ကျင်းပ၍ ကြီးစွာသောအလှူကို ပေးတော်မူကြောင်း ရမ်းဗြဲမြို့ တောင်ကျောင်းဆရာတော် ဦးစန္ဒာမာလာလင်္ကာရ ရေးသားပြုစုခဲ့သော ရခိုင်ရာဇဝင်သစ်ကျမ်း ဒုတိယ စာအုပ်စာမျက်နှာ(၇၉) တွင် တွေ့ရှိရပါသည်။

၂။  ယင်းနောက် သက္ကရာဇ် ၉၃၃-ခုနှစ်၊ နန်းတက်သော ရခိုင်ဘုရင်မင်းဖလောင်းလက်ထက်တွင် ပုဏ္ဏားကျွန်းမြို့နယ်၌ ဦးရစ်တောင်ဘုရားကို တည်တော်မူပြီး ကုန်းပွဲ၊ ရေပွဲဖြင့် ဘုရားပွဲတော်ကျင်းပခဲ့ကြောင်း၊ မြို့ဟောင်းမြို့ ဆရာဦးဦးသာထွန်းရေးသားပြုစုသော မြောက်ဦးမြို့ ဘုရားသမိုင်းစာအုပ်၌လည်း တွေ့ရှိရပါသည်။ သက္ကရာဇ် ၉၅၅ ခုနှစ်တွင် နန်းတက်သော မင်းရာဇာလက်ထက်တွင် မြောက်ဦးမြို့ မင်းဆိပ်ချောင်း၌ လှီပွဲသဘင်ဆင်ယင် ကျင်းပခဲ့ကြောင်းကို ယင်းမင်းလက်ထက်တွင် ပေါ်ပေါက်ခဲ့သော စာဆိုရှင် ဥက္ကပျံ၏ ရွှန်းလိုက်ရတု၌  -
   "ရက္ခမှန်ဖူး မြောက်ဦး ရွှီပြည်သာ၌ များစွာသည်လှီပေါင်း သင်္ဂနဒီ၊ နန်းတောင်ဆီဝယ်၊ ရှီလှီမင်းဆိပ်ချောင်း၌ တသောင်းသောင်း ပျော်စဉ်တွင်၊ တူစုံကြည့်ရှုချင်သည်။ သင်္ကြန်ခါတည့်လေ" -
ဟု စပ်ဆိုထားကြောင်း တွေ့ရှိရပါသည်။



   ရမ္မာတီ (ရမ်းဗြဲမြို့)နယ်၌ လှီပြိုင်ပွဲစတင် ပေါ်ပေါက်လာပုံ

၃။  ရမ္မာဝတီ၊ ရမ်းဗြဲမြို့တွင်ကား လှီပြိုင်ပွဲကို သက္ကရာဇ် ၈၉၃-ခုနှစ်တွင် မြောက်ဦးမြို့၌ နန်းတက်သော မင်းဗာကြီးလက်ထက်တွင် စတက်ကျင်းပကြောင်း ရမ်းဗြဲမြို့နယ်ရှ် ရှေးမှတ်တမ်းအရ သိရှိရပေသည်။ ပေါ်ပေါက်လာပုံကား သက္ကရာဇ် ၉၀၅ ခုနှစ်တွင် ရခိုင်ဓညဝတီမြောက်ဦးမြိ့၌ ထီးနန်းစိုးစံသော ရခိုင်ဘုရင် မင်းဗာကြီးသည် ရမ္မာဝတီ၊ ရမ်းဗြဲမြို့နယ်၊ ကံတိုင်းတိုက်နယ်၊ ရွာရင်းရွာမျ တောင်ယာလုပ်စားသး အဘဦးဖြူသီး၊ အမိဒေါ်မဲတူတို့၏သမီး မမဲကျီဆိုသော အမျိုးသမီးအား ယင်း၏ ငါးသဲ့ ရာမှရရှိသော ပြည်တန်ပက္ကမြားကို အကြောင်းပြု၍ မိဘုရားဖြစ်သိမ်းပိုက်ယူဆောင်ရန် မြောက်ဦးမြို့တော်မှ ကြီးစွာသော လှေတပ်မတော်များခြံရံ၍ ရမ္မာဝတီ ရမ်းဗြဲကျွန်းသို့ ထွက်ချီတော်မူလာကြောင်း၊ မင်းဗာကြီးအား ရမ်းဗြဲမြို့ကိုယ်စား နေမျိုးသူရိယက ကြီးစွာသော မင်းခန်းမင်းနား၊ ရေပွဲ၊ ကုန်းပွဲသဘင် ဆင်ယင်ကျင်းပ၍ ထားရှိတော်မူကြောင်း၊ ယင်းမှတဖန် ဘုရင်မင်းဗာကြီးသည် ရမ်းဗြဲမြို့မှ (၁၀) မိုင်ခန့်ဝေးသော ကံတိုင်းတိုင်နယ်၊ ရွာရင်းရွာသို့ မင်းခန်းမင်းနားဖြင့် ကိုယ်တိုင်ကြွချီတော်မူ၍ ပြည်တန်ပတ္တမြားနှင့် ပိုင်ရှင်မမဲကျီကိုပါ သိမ်းပိုက်ယူဆောင်ပြီး ရမ်းဗြဲမြို့သို့ ပြန်လည်ကြွချီတော်မူလာကြောင်း ရမ်းဗြဲမြို့သို့ ရောက်လာသောအခါ ယခင်တည်းခေါ်တော်မူရာ မဏ္ဍပ်အတွင်း၌ပင် စိုးစံတော်မူပြီး ကြီးစွာသော ဘိသိုက်မင်္ဂလာပွဲကို ရမ်းဗြဲမြို့၊ ယခုအောင်စေတီဘုရားအနီး မြေကွက်လပ်၌ သက္ကရာဇ် ၉၀၅ ခု၊ ကဆုန်တွင် ကုန်းပွဲရေပွဲဖြင့် ဆင်ယင်ကျင်းပတော်မူကြောင်း၊ မမဲကျီအားလည်း ထူးခြားသော ပတ္တမြားပိုင်ရှင်ဖြစ်သည်ကို အစွဲပြု၍ ပတ္တမြားဒေဝီစောမဲကျီ ဟူခေါ်တွင်စေကြောင်းတို့ကို ရမ်းဗြဲမြို့နယ်ရှိ ရှေးမှတ်တမ်းတွင် တွေ့ရှိရပါသည်။

၄။   ရမ်းဗြဲမြို့ကိုယ်စားနေမျိုးသူရိယသည် သက္ကရာဇ် ၉၀၅ -ခုနှစ်တွင် ကဆုန်လတွင်လှီပွဲကျင်းပခဲ့သည်ကို အစွဲပြု၍ ကဆုန်လကျရောက်တိုင်း မြို့ပေါ်ရှိရပ်ကွက်များ၊ အနီးနားရှိကျေးရွာများကို စာချွန်တော်များပါး၍ ပြိုင်လှီ၊ ပြိုင်လောင်းများ ပြုလုပ်စေပြီး ကဆုန်လတွင် လှီပြိုင်ပွဲများကို ကုန်းပွဲများနှင့် တွဲဘက်၍ကျင်းပခဲ့ကြောင်း၊ နောက်မြို့စားအဆက်ဆက်တို့လည်း ရှေးမူမပျက်စေပဲ ဤအစဉ်အလာကို ရိုးရာထုံးဓလေ့ဖြစ် စွဲယူ၍ နှစ်စဉ်ကျင်းပလာခဲ့ကြောင်း သိရှိရပါသည်။

၅။  ဗြိတိသျှအစိုးရ အုပ်ချုပ်စဉ်ကလည်း မြို့ရွာအုပ်ချုပ်သူ မြို့ပိုင်၊ နယ်ပိုင်များသည် ရပ်ကွက်နှင့် ကျေးရွာများအား အမိန့်စာများ ထုပ်ပြီးပြိုင်လှီ၊ ပြိုင်လောင်းများပြုလုပ်စေ၍ ရိုးရာမပျက် လှီပြိုင်ပွဲကို ကျင်းပခဲ့ကြပါသည်။

၆။  လွတ်လပ်ရေးပြီးသည့် ခေတ်တွင်မူ ရပ်ကွက်ကျေးရွာများမှ အရပ်လူကြီးများသည် ရပ်ကွက်ကျေးရွာများအားစုပေါင်း၍ အဖွဲ့များဖွဲ့စည်းကာ ရှေးအစဉ်လာရိုးရာဒလေ့ကို ထိန်းသိမ်းသည့်အနေဖြင့်လည်းကောင်း၊ ရမ်းဗြဲသားတို့သည် ပန်းချီ၊ ပန်းပု၊ ပန်းရံ၊ ပန်းပဲ လုပ်ငန်းများတွင် ကျွမ်းကျင်တတ်မြောက်သူများ ဖြစ်သည့်အားလျှော်စွာ အခြားမြို့ရွာများသို့ သွားရောက်၍ အလုပ်လုပ်ကိုင်ကြရာမှ နွေရာသီကုန်ဆုံး၍ မိုးရာသီသို့ ကျရောက်တော့မည့် ကဆုန်လအချိန်ခါတွင် မိမိတို့၏ဇာတိ ရမ်းဗြဲမြို့သို့ ငွေတရွှင်ရွှင်နှင့် ရောက်ရှိလာကြပါသည်။
တဘက်မှလည်း လယ်သမားများမှာ မိုးရာသီနီးလာ၍ လယ်ယာလုပ်ငန်းခွင်သို့ ဝင်ရောက်ကြတော့မည့်အချိန် ဖြစ်သဖြင့် လယ်သမား၊ အလုပ်သမား တွေ့ဆုံနှုတ်ဆက်သည့် ပွဲအဖြစ် လည်းကောင်း၊ ဆွေမျိုးအချင်းချင်းတွေ့ဆုံနှုတ်ဆက်သည့် ပွဲအဖြစ်လည်းကောင်း၊ အမျိုးသား ကိုယ်လက်ကြံခိုင်စေရေးအတွက် လည်းကောင်း၊ လှီပြိုင်ပွဲမှာ သုံးရက်တိုင်တိုင် ကုန်းပွဲ၊ ရေပွဲ ဖြင့်ကျင်းပရာ အနီးပတ်ဝန်းကျင် မြို့ရွာများမှလည်း လာရောက်ကြပြီး ကုန်ပစ္စည်းချင်း ဖလှယ်ရေးအတွက် လည်းကောင်း ရည်ရွယ်၍ လှီပြိုင်ပွဲကို ရမ်းဗြဲမြို့တွင် စဉ်ဆက်မပြတ် ကျင်းပလာခဲ့ကြပါသည်။

၇။  တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီခေတ်တွင် ပါတီယူနစ်၊ မြို့တော်လုံခြုံရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့၏ ဦးဆောင်မှုဖြင့် ကျေးရွာ၊ ရပ်ကွက်များအား စုစည်းပြီး ရိုးရာလှေပြိုင်ပွဲကျင်းပရေး ဗဟိုကော်မတီ၊ လှေပြိုင်ပွဲကျင်းပရေး ဆပ်ကော်မတီ၊ ကျင်းပွဲဆပ်ကော်မတီ၊ ဇာတ်ပွဲဆပ်ကော်မတီ စသည်ဖြင့် ကော်မတီအသီးသီးဖွဲ့စည်း၍ လှေပြိုင်ပွဲကို ရိုးရာမပျက် ဆက်လက်ကျင်းပကြပါသည်။ ယခုအခါ ရမ်းဗြဲမြို့တွင် ကျင်းပသော ရိုးရာလှေပြိုင်ပွဲသည် ရိုးရာယဉ်ကျေးမှုဖော်ထုပ်သည့် ပွဲသဘင်တရပ်အနေဖြင့်သာ ရပ်တည်နေခြင်းမဟုတ်တော့ပဲ ရွေ့လျားပြောင်းလဲလာသော ခေတ်နှင့်အညီလိုက်ပါပြီး ခေတ်၏ရည်မှန်းချက်ကို ြ
ဖြည့်စွမ်းနိုင်သော ပွဲလမ်းသဘင်တရပ်ဖြစ်ကြောင်းကို တွေ့ရှိရပြန်သည်။ အထူးသဖြင့် ယခုခေတ်တွင်လိုအပ်သော ရေကြောင်းကျွမ်းကျင်သည့် လုပ်သားကောင်းများပေါ်ထွန်းလာရေးအတွက် အထောက်အပံ့ကို များစွာပေးစွမ်းနိုင်သော ယှဉ်ပြိုင်ပွဲတစ်ရပ်ဖြစ်ကြောင်းကို တွေ့ရပြန်သည်။ ထို့ပြင်လှေပြိုင်ပွဲမှာ ရေတက်၊ ရေကျကို အတိအကျတွက်ချက်ပြီး ကျင်းပရာ ရေကြောင်းသွားလာမှု အတတ်ပညာ၏ အခြေခံဖြစ်သော ရေတက်၊ ရေကျ၊ လှေလှော်၊ လှေခပ်၊ ရေစီး၊ ရေဆွဲ၊ ရေကြောင်းတို့ကို သိရှိနားလည်လာစေခြင်း၊ စုပေါင်းလုပ်ဆောင်မှု၏ အကျိုးကိုသိသာစေပြီး၊ စုပေါင်းဆောင်ရွက်မှုဖြင့် အချင်းချင်း၏ ချစ်ခင်ရင်းနီးမှုတိုးပွားလာစေခြင်း စသော အကျိုးကျေးဇူးများကို ဖြစ်ပေါ်စေပါသည်။

၈။  ရခိုင်ပြည်နယ်တွင် ကျင်းပသော လှေပြိုင်ပွဲများအနက်၊ ရမ်းဗြဲမြို့တွင်ကျင်းပသော လှေပြိုင်ပွဲသည် တမူထူးခြားပြီး အလွန်ပင်နာမည်ကျော်ကြား လုကြိုက်များပေသည်။ ရမ်းဗြဲ မြို့သူ၊  မြို့သားတစ်ဦးနှင့် အခြားမြို့ရွာများမှ မိတ်ဆုံမိကြလျှင် ထိုမိတ်ဆွေက "အကိုတို့ ရမ်းဗြဲမြို့မှာ ယခုနှစ်လှေပြိုင်ပွဲရှိပါသလား၊ လှေပြိုင်ပွဲကြည့်ရန်လာလိုပါသည်" ရမ်းဗြဲမှမိတ်ဆွေကလည်း " ယခုနှစ်လှေပြုင်ပွဲရှိပါသည် လာခဲ့ပါ" ဟု အပြန်အလှန် နှုတ်ဆက်စကား ပြောဆိုလေ့ရှိကြပါသည်။

 ၉။   ရမ်းဗြဲမြို့တွင် လှေပြိုင်ပွဲ ကျင်းပတော့မည်ဆိုလျှင် လှေပြိုင်ပွဲကျင်းပရန် ဦးစီးဦးဆောင်ပြုလုပ်သူ၊ ဦးစီးဥိးဆောင်ပြုလုပ်သည့် အဖွဲ့စည်းတို့က ကဆုန်လ၏ ဖျားတက်-ဖျားကျ (ရေတက်-ရေကျ)ကို တွက်ချက်၍ လှေပြိုင်ပွဲကျင်းပမည့်ရက်၊ ပြိုင်ပွဲဝင်မည့်လှေ၏ အရှည်၊ စီးနှင်းမည့် လှေလှော်သားများ၏ အများဆုံးအရေအတွက်၊ လှေတိုက်ပုံတိုက်နည်း၊ လှေပြိုင်ပွဲ စည်းမျည်းဥပဒေ စသည်တို့ကို အများစု၏ဆန္ဒနှင့်အညီ သတ်မှတ်ရေးဆွဲပြဋ္ဌာန်းကြပါသည်။ ဤသို့သတ်မှတ်ပေးသည့်နောက်ပိုင်းတွင် လှေပြိုင်ပွဲသို့ ဝင်ရောက်မည့် ကျေးရွာသားများမှာ အောက်ပါလုပ်ငန်းများကို စတင်၍ ဆောင်ရွက်ရတော့သည်။
 

   ရပ်ကွက်နှင့် ကျေးရွာအလိုက် ပြိုင်လှေ-ပြိုင်လောင်းများ ရှာဖွေခြင်း

၁၀။   ရမ်းဗြဲမြို့တွင် လှေပြိုင်ပွဲကို ရှေးယခင်အခါက ၉-လံ အထိရှည်သော လှေများဖြင့် ကျင်းပခဲ့ကြောင်းသိရပါသည်။ ယခုအခါ ၅-လံ၊ ၅-လံနှင့် ၂- တောင် အရှည်ရှိသော ပြိုင်လှေများဖြင့် လှေပြိုင်ပွဲကျင်းပလေ့ရှိပါသည်။ လှေပြိုင်ပွဲကျင်းပမည့်နေ့ကို လှေပြိုင်ပွဲမကျင်းပမီ သုံးလခန့်အလိုကပင် အစည်းဝေးများကျင်းပပြီး၊ သတ်မှတ်လေ့ရှိကြပါသည်။ ရမ်းဗြဲမြို့တွင်လှေပြိုင်ပွဲကို အများအားဖြင့် ကဆုန်လပြည့်ကျော် ၂ ရက်နေ့မှ ၅ ရက်နေ့များအတွင်း ကျင်းပသည်လည်းရှိပါသည်။ တစ်ခါတစ်ရံရေတက်ရေကျကိုလိုက်၍ လဆန်း ၂ ရက်နေ့မှ ၅ ရက်နေ့များအတွင်း ကျင်းပသည်လည်းရှိပါသည်။ လှေပြိုင်ပွဲ ကျင်းပမည့့်နေရက်နှင့် ပြိုင်လှေ၏ အရှည်ကိုသိရလျှင် ပြိုင်လှေထွက်မည့် ရပ်ရွာတိုင်းမှ ကျေးထမ်းမင်းကျွန်အားလုံးသည် မည်သူမျှ ခရီးရက်ရှည်မသွားရဟု ထုပ်ပြန်ပြီး မင်းကျွန်ပိုင်းမှ ပြိုင်လှေရရှိရေးအတွက် စီစဉ်ရသည်။ ပြိင်လှေ ပြိုင်လောင်းရှာဖွေသည့်အလုပ်ကား လွယ်ကူလှသည် မဟုတ်ချေ။ ရှေးဦးစွာ ရွာရှိမင်းကျွန်များသည် တောတောင်ကုန်အောင်သွားကာ သစ်ကောင်းရှာဖွေကြရသည်။ သစ်ရှာမထွက်မီကပင် ရပ်ရွာဒလေ့အတိုင်း ဗေဒင်ဆရာနှင့် ရွာဦးဆရာတော်တို့၏ သြဝါဒကို ခံယူလျက် ရက်ကောင်းရက်မြတ်ကိုရွေး၍ သစ်ခုတ်ထွက်ကြရသည်။ သစ်ခုတ်ထွက်ရာတွင် သစ်ခုတ်ထွက်ရာတွင် ကိုအင်္ဂါချွတ်ယျွင်းပြီး မသန်စွမ်းသူများ မပါဝင်ရပေ။ ကြိုက်ရာသစ်ပင်ကို ဦးစွာရှာဖွေပြီးနောက် လောင်းဆရာတို့၏ ထုံးစံအရ ခုတ်လိုသောသစ်ပင်၏ခြေရင်းတွင် သစ်ပင်ကိုထစ်ပြီး သစ်သားကို ညှပ်ထားခဲ့ရသည်။( ငှင်းကို လက်ဝါးကာညှပ်သည်ဟုခေါ်သည်)   နောက်တစ်နေ့တွင် သွားကြည့်ရာ၌ သစ်သားအားနေရာမပျက်တွေ့ရပါမူ နိမိတ်ကောင်းသည်ဟု ယူဆပြီး ပြိုင်လောင်းခုတ်ကြသည်။ အကယ်၍ သစ်သားလွင့်စင်နေပါက နိမိတ်မကောင်းဟုယူဆပြီး၊ နောက်သစ်ပင်တစ်ပင်ရွေးကြရသည်။ ပြိုင်လှေပြုလုပ်ရန်အတွက် အကောင်းဆုံးသစ်ပင်မှာ တောင်ပိန္နဲ၊ သင်းဂနက်၊မြတ်စွာ၊ မျောက်ခေါင်း၊ သစ်ပုတ်၊ စံကား စသောသစ်ကောင်းများကို ရွေးလေ့ရှိကြသည်။ သစ်ပင်မခုတ်လှဲမီ အပင်၏နေပူခံဖက်၊ အရိပ်ကျဖက် စသည်များကိုသေချာစွာ ကြည့်ရှုပြီးမှ လောင်းခုတ်လေ့ရှိသည်။ ဤသို့ခုတ်ထွင်ခြင်းကြောင့် လှေနံရံများ မညီမညာဖြစ်ခြင်း မရှိလှပေ။ ပြိုင်လှေခုတ်ရာ၌ သစ်ပင်၏အဖျားကိုဦး၊ အရင်းဖက်ကို ပဲ့ဖြစ်စေသည်။ သစ်ပင်ကိုဓါး၊ ပုဆိန်များဖြင့်လောင်းပုံပေါ်အောင်ခုတ်ပြီးမှ လှေဝမ်းကို ပုဆိန်ဖြင့် ဖောက်ထွင်း၇သည်။


 
    နောက်မှ ဆက်လက်ရေးသားပါမည်......................







၁၉၇၇၇၅- ခုနှစ်၊ ၂၈- နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရမ်းဗြဲမြို့နယ်မှ တင်ဆက်ကပြသည့်
ရိုးရာလှီပြိုင်ပွဲ သရုပ်ဖော် တေးသီချင်း .....

       မြရောင်ကေလေသီတာ၊ ပတ်ဝန်းကာရေ၊ သာယာကေ လေရွှင်လန်း၊ ကြေ့တိုင်းသာကေ၊ ရမ္မာကျွန်းမှာ၊ ပြည့်ဝန်းစန္ဒာ၊ သို့ပမာကေ၊ မြတ်စွာဗုဒ္ဓ၊ သာသနာလေ ထွန်းပပ။
   ထွန်းပသာသနာ၊ ကျွန်းရမ္မာမှာ၊ တံထွာအရ၊ ကမ်းကသာယာ၊ ဝဲနှင့်ညာတွင်၊ ကြေသာရွှင်ပြ၊ ဝိသာခါတုံ၊ စန်းနဲ့ကြုံကေ၊ ကဆုန်လမှာ လှီပြိုင်ပွဲလေ ပြိုင်ကတ်တေ။
   ပြိုင်လောင်းလုပ်ခါ၊ ရပ်တိုင်းမှာလေ၊ နိုင်ရာလှီလောင်း၊ ကောင်းထက်ကောင်းအောင်၊ ကြံဆောင်နေးလမ်း၊ ကိုယ့်လောင်းခြီကို၊ အားကုန်စမ်းရေ။
   လောင်းစမ်းပြီးမှ၊ စိတ်တိုင်းကျကေ၊ လှပဖွေရာ၊ လှီဦးမှာကား၊ ကြိုက်ရာရုပ်ဆန်း၊ လှီပဲမှာလည်း၊ ကနုတ်ပန်းကို၊ မွမ်းခြယ်သရေ။
   လောင်းကလေးကောင်း၊ တက်လှော်ကောင်းလို့၊ အကောင်းကစုံ၊ အပြောင်းအပြန်၊ ကာရန်သံချပ်၊ သီဆိုစပ်ပြီး၊ မလပ်ပဲ့ကိုင်၊ တမြိုင်မြိုင်နဲ့၊ ကိုင်ဆောင် အောင်လံ၊ လှီအပေါင်းလေ၊ ချောင်းတရိုးမှာ၊ သိုးသိုးညံရေ။

ကကွက်သရုပ်ဖော် တေးသီချင်း

  လှီပြိုင်- လှီပြိုင်- ည လှီပြိုင် လားဖို့၊ လှီပြိုင်လားဖို့ လာဂတ်တေလေ၊ လာလေးလာဂတ်လေ၊။ မောင်းကိုထုရေ - ဗုံခေါက်တေနက်၊ အားလုံးစုလို့ လားဂတ်မေလေ၊ ရပ်ရွာဟုန် - အပျိုတစ်စုက၊ ကောက်ညှင်းတောင်းကိုလ၊ ခေါင်းမာရွက်တေ၊ နတ်မန်းခက်နဲ့လေး - အောင်သပြေလောင်းရေ။ (သောက်ရီ)၂ အိုးနဲ့ အိုးနဲ့၊။ ကွမ်းတောင်း ပန်းတောင်း၊ စုံအောင် စုံအောင်။ လှီလှော်သူ တဝစားဖို့)၂ ရွက်လို့ယူလာရေ . . .။
   (ရပ်ရွာတိုင်းမှာ ၊မင်းကျွန်စုလို့၊ လောင်းချ လောင်းတင်၊ မောင်းကိုထုလို့၊ ညီညာမှုနဲ့ အားအင်ပြကေ၊ ပျော်ရွှင်မှုနဲ့ ယိုင်းပင်းပရေ)၂ တာဝန် တာဝန် သူ့တာဝန်၊ တာဝန် တာဝန် ကိုယ့်တာဝန် မရွီးပဲ၊ ပြိုင်ပွဲဝင် ဂတ်တေ။
  ( ပြိုင်.. လှီ xxx ထွက်ဖို့ အချိန်ကေ၊ တက်လှော်လူဒိန် ....ညီအောင်စီးပီးကေ)၂ မြို့ရမ္မာ . . .သာယာ ရွှင်စည်ကြောင်း . . .ပြိုင်လှီ အပေါင်းရေ x  x  x  တီးလေး တီးရေ၊ ကလေးကရေ၊ စေစေပင်ပင် သိုးသိုးညံလို့လေ x x။
  (ရိုးရာလှီပွေး၊ အမြေးပြိုင်ကတ်တေ၊ ကဆုန်ပြည့်ပြီး ဖျားလေးကြီးခါလေ)၂ (ရပ်ရွာတိုင်းက လောင်းဒိန်မှာ၊ ရုပ်မျိုးစုံစွာ ခြယ်လယ်လို့သာ၊ ကြေ့ချင်ဖွေရာ၊ ရှုရှင်ဖွေရာ၊ မွမ်းမံခြယ်လို့)၂ (မြို့ရွာသူ- မြို့ရွာသာရို့)၊ အများပျော်ရေ၊ လာလာသူ အဂန္တုရို့၊ ကြေ့ရှုပါရေ၊ လှီလှော်သူ- လှီလှော်သားရို့၊ အားမာန်တက်ကေ)၂ မြို့ရွာမှာစေပင်သာယာ၊ ထိန့်ထိန့်ကြိုးလို့ - စုပေါင်းပျော်ပါရေ။
  လောင်းဒိန်၊ လှီဒိန်- အားလုံးစုံကေစုံခါကေ-ပေကြိုးတိုင်းလို့၊ လူကိုစိုက်လို့၊ လှိစုံပြရရေ xxx ယေပြီးခါမှ မေးနှုက်ပြန်ရေ - လှီကိုတွေးကေ သူသူငါငါ ပြိုင်ဖို့လားရရေ xxx။
   (လောင်း ဒိန်ပြိုင်လာကေ၊ မန်းဒတ်တိုင်းက အားပီးကတေ၊ လက် ခုတ် တီး ရေ  - ဗုံလေးတီးရေ- လှော်ပါ-လှော်ပါ ချောင်းလုံးညံလို့လေ)၂
   (ပြိုင်လှီနှစ်စင်းက- အားတက်မန်တက်-လှော်ကပြန်ပါရေ-စက်ကိုရောက်ကေ-ဦးကဓါးနက် စက်ကြိုးဖြတ်တေ)၂ အလံလေးလူဖက်ဟာလေ-ပြိုင်လှီပွဲမှာ- ရှုံးလေ ရံှုး ရရေ ။

 သံချပ်

   - မောင်ရို့၊ မောင်ရို့ (လေးလေး - လေးလေး)
   - ရမ္မာမြို့မှာ လှီပွေးပြိုင် - မတ်ရို့ဇာခါ နိုင်ဘူး ရေလေ။
   - လှီပြိုင်လောင်းရို့- ရှင်ဘုရင်၊
    အားလုံးကပင် ရှိခိုးလိုက်ကြ။
   - နှုက်တိုင်း နှိုက်တိုင်း အောင်လံယူ၊ ပြိုင်ဖက်မတူ
     ထူးရေလှီမင်း။
   - ကောက်ညှင်းစားလို့ ကမ်းနားမှိုင်၊
     မတ်ရို့ ပြိုင်လို့နိုင်ဖို့လားဝေး။

   (ရှုံးလူမှိုင်ပါရေ၊ နိုင်ရေလူရို့ ကဂတ်ပါရေ)၂ xx ရိုးရာပြိုင်ပွေး၊ အစိုင်ပဲပျော်ရေ၊ မြို့ရွာလူထုက သေးသေးမေးမေး အားပီးဂတ်တေ။ ရွှီလံပထမ၊ ပထမလေ၊ ငွီလံ ဒုတိယ၊ တတိယလေ။ (ကြေ့လာဂတ်ပါလေလေ့- ရှုလာဂတ်ပါလေလေ့)၂ အကျွန်ရို့နဲ့ တူပျော်မေ ပြေထောင်စုသားချင်း ယိုင်းပင်းပါကမေ။
   မြို့ရမ္မာ လှီပြိုင်- ရိုးရာ အဇူအဇိုင် ထိန်းသိမ်းလို့ မြှင့်ဖို့  xx  ကြံစီကတ်မေ၊ အို . . . မိစိုင်ဖလာရှေး အခါက-ရိုးရာယိုင် ကျေးမှုဒိန်ပ ပြုစုတတ်ပါမေလေ xx တိုးတက်လာအောင်လေ - အများရို့ - ဝိုင်းလို့ xxx ကြံဆောင်ကတ်မေ- ရခိုင်ရို့၊ မွန်ရို့၊ ကရင်၊ ချင်း၊ အပေါင်းရေ၊ ကချင်လေးပါရေ၊ ကယား၊ ရှမ်း၊ ဗမာလေ - အကျွန်ရို့ ပြေထောင်စုကို ညီနောင်းသားချင်းမြင့်တင်ကတ်ပါမေ . . .။








.... ကျေးဇူးတင်လွှာ . . .

လာရောက်လေ့လာသူ များကို အထူးပင်ကျေးဇူးတင်ရှိပါသည် ။
ဒီစာကို ရမ်းဗြဲသားနှင့် ရမ္မာတီ ရိုးရာလှိပြိုင်ပွဲ စာအုပ်မှ ကူးယူရေးသားထားပါသည်။
ရမ်းဗြဲမှာရိုးရာလှီပြိုင်ပွဲကို အမြဲတမ်းထိန်းသိမ်းနိုင်ထားနိုင်ရန်နှင့် သမိုင်းများမပျောက်ပျက်ရအောင်၊ မျိုးဆက်သစ် လူငယ်များသိရှိနိုင်ရန် ရည်ရွယ်ပြီးရေးသားထားခြင်းဖြစ်ပါသည်။
ဒိ blog လေးကို ဆက်လက်ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းချင်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ် . .

... စည်သူဖြိုး ...
yambye.aungrammer@gmail.com
facebook/   phyoe phyoe






Friday, October 26, 2012

ရမ္မာဝတီရမ်းဗြဲ သမိုင်းကြောင်း



၁ ။ ရမ္မာတီဟုခေါ်သော ရမ်းဗြဲကျွန်းကား ရခိုင်ကမ်းမြောင်ဒေသတွင် ရေပတ်လည်ဝန်းရန်၍ တည်ရှိကြောင်း ၊ကျွန်း၏ပုံသဏ္ဍာန်မှာ ဝမ်းဘဲတစ်ကောင်ရေထဲတွင် နားနေသည်နှင့် တူ၍ ဝမ်းဘဲကျွန်း ဟုဆိုခဲ့ကြောင်းသိရသည်။

၂ ။ ရမ်းဗြဲကျွန်းဖြစ်ပေါ်လာပုံနှင့်ပတ်သက်၍ ခရီးတေရှစ်( cretaceaus) အဆုံးတွင်ဖြစ်သော၊ အဲလ်ပိုင်တောင်တန်း လှုပ်ရှားမှု (alpine mountain building) ကြီးသည်၊ ဤကျွန်းစုအား ဖြစ်ပေါ်စေခဲ့ကြောင်း ၊ လွန်ခဲ့သော နှစ်ပေါင်းသန်း (30) ခန့်တွင် ပင်လယ်ရေဆုတ်ယုတ်မှုကြောင့်၊ ပလီယိုဆင် (plioeene) ခေတ်ပြီး ၊ တတိယအချိန်တွင် ရမ်းဗြဲကျွန်းသည် ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ တွန်းပို့ခြင်းခံရသည်။ တဖန်ရာသီဥတုခြေဖျက်တိုက်စားမှု (weathering) ကြောင့်၊ တောတောင်ချိုင့်ဝှမ်း လွင်ပြင်တို့ဖြင့် ရှုရှင်စဘွယ် လူနေထိုင်ရန် အခြေသို့ရောက်ရှိလာသည်။ဤရမ္မာဝတီသို့ မည်သည့်အချိန်ကစ၍ လူများအခြေချ နေထိုင်ခဲ့ကြသည်ကို သမိုင်းအထောက်ထားများ မတွေ့ရရှိသေးသော်လည်း ရခိုင်သမိုင်းစဉ်အရ (ဘီစီ ၃၀၀၀) သို့မဟုတ် ယင်းထက်စောဘွယ်ရာ ရှိပေသည်။

၃ ။ ရခိုင်ပြည်နယ်တွင် ဝေသာလီမြို့တော် မတည်ထောင်ခင် (အေဒီ-၃၂၇) ထိ၊ ရမ်းဗြဲသားများမှာ ကိုယ်ပိုင်အုပ်ချုပ်ခဲ့ကြဟန် တူပါသည်။ အဘယ်ကြောင့်ဆိုသော် ရမ်းဗြဲကျွန်းသမိုင်း ပေမူ ”က” ချပ်တွင်၊ အနောက်ဘက်မှ သင်္ဘေံာအစင်း (၃၀) လာတိုက်၍ ပါလေသည်။ လူ(၂၀၀) ကြွင်းကျန်လိုက်သည်။ လူတို့ကို ဓညဝတီသို့ သွင်း၍ထားသည်ဟု ပါရှိလေသည်။ စာတွင် ဓညဝတီဟုပါရှိသော်လည်း မည်သည့်မင်းဟုဖေါ်ပြထားခြင်းမရှိပေ။ သို့သော် ဓညဝတီခေတ်နှောင်းပိုင်းသာ ဖြစ်နိုင်ပါသည်။ ယင်းအချိန်က ရခိုင်မင်းများ၏ ရေတပ်မတော် ထားရှိခြင်းကို သိသာနိုင်ပါသည်။ ယင်းပေမူအရ ရမ်းဗြဲကျွန်းတွင် လူဦးရေ (3700) ရှိကြောင်း သိရပေသည်။ လူဦးရေ သီအိုရီ (porpulation theory) ဆင့်ကဲ ဖြစ်စဉ်အရ ယင်းခေတ် ယင်းအချိန်က ဤမျှ လူဦးရေ စုစည်းနေထိုင်ခြင်းသည် ယဉ်ကျေးမှုအဆင့်အတန်း မနမ့်ကျကြောင်းဖော်ပြနေပေသည်။  

ဓညဝတီရောက် ရမ်းဗြဲသားများ

၄ ။ ပင်လယ်ရေပတ်ခြာဝိုင်း၍ တိုင်းတပါးရန်များ တိုက်ခိုက်ခြင်း ရှိခဲ့ဟန် မတူခဲ့သော ရမ္မာဝတီရမ်းဗြဲသားများမှာ အေးချမ်းသာယာစွာရှိခဲ့ကြပြီး စစ်ရေးစစ်ရာတွင် ကျွမ်းကျင်ခဲ့ကြဟန်မတူပေ ၊ အမြဲတန်း စစ်တပ်လည်းရှိမည်မဟုတ် ၊ သို့ဖြစ်၍ ဓညဝတီရေတပ်၏ ခေါ်ဆောင်ရာနောက်သို့ သုံးပန်းဖြစ် လိုက်ပါခဲ့ရသည်။

၅ ။ ရမ်းဗြဲသားများ၏ အစဉ်လာအရ၊ ဆွေမျိုးစုခေါင်းဆောင်ဖြစ်သော သက်ကြီးစကား သက်ငယ်နားထောင်ရသည် ၊ ရမ်းဗြဲကျွန်းမှလာသော ရမ်းဗြဲသား (၇၀၀) အနက် အကြီးအကဲမှာ "ငပု" ဖြစ်သည် ။ ခေါင်းဆောင်ကြီး အဘ ငပုကား အသက် (၉၂) နှစ် အရွယ်တွင် ကွယ်လွန်ခဲ့သည်။ သို့သော် သားမြေးမြစ် တို့ အား မှာထားခဲ့သော စကားတစ်ခုရှိပေသည်။  " သားမြေးတို့ ငါတို့ကား ရမ်းဗြဲသားများဖြစ်ကြသည်။ အခါအခွင့်ကို ကြည့်၍ မင်းကြီးအားလျှောက်ထားပြီး မိမိတို့၏ သားစဉ်မြေးဆက် နေထိုင်ခဲ့သော ရမ်းဗြဲကျွန်းကို ပြန်လည်ထူထောင်ခွင့် ရလိုကြောင်းနှင့် မင်းကြီး၏မော်ကွန်းတံဆိပ်ဖြင့် ထွက်ကြလေ" ဟု မှာထားခဲ့လေသည်။

ရမ္မာဝတီ ရမ်းဗြဲကျွန်းသို့

၆ ။ ရမ်းဗြဲကျွန်းမှ ထွက်ခွာခဲ့သည်မှာ နှစ်(၃၀) ကြာခဲ့ပြီးဖြစ်သည်။ မြို့တော်နေရာမှာလည်း ဓညဝတီမှ ကန်သုံးဆင့်၊ ကန်သုံးဆင့်မှတဖန် ဝေသာလီကျောက်လှေကား ရွှေမြို့တော်သို့ အခိုင်အမာပြောင်းရွှေ့တည်ထောင်ခဲ့ကြပြီးဖြစ်သည်။

၇ ။ အခါအခွင့်သင့်၍ ဝေသာလီပြည့်ရှင်၊ မဟာတိုင်းစန္ဒရား မင်းကြီးထံသို့ ရမ်းဗြဲဆွေမျိုးစု ခေါင်းဆောင်၊ ငဖြူကြီးသည် ရမ်းဗြဲကျွန်းသို့ ပြန်လိုကြောင်း လျှောက်ထားသည်၊ သို့နှင့် အေဒီ (၃၁၉) တွင် မဟာတိုင်းစန္ဒရားမင်းကြီးသည် အမတ်စစ်ကဲကြီးတို့အား စေလွှတ်၍ ရမ်းဗြဲကျွန်းတွင် ရွာတည်ထောင်စေသည်။ ရေချမ်းကြီး၊ မင်းပြင်၊ သလူတောင်၊ ဝက်တိုးပြင်၊ ဇင်ချေင်း၊ မယင်း၊ ကင်း၊ လေးတောင်၊ ကျောက်ချောင်း၊ ကန်တိုင်း၊ ချောင်းကောက်၊ ကံကော်၊ ရပဒင်၊ ရမ်းပေါက်၊ ဇပြင်၊ ရွာပုလဲ၊ ဟုန်း၊ ရမ်းဗြဲငယ်၊ ရမ်းဗြဲကြီးတို့ကို တည်ထောင်သည်။ ရွာများတွင် ဆွေမျိုးအကြီးအကဲအလိုက် ခန့်အပ်၍ ကျွန်းအုပ်အဖြစ်မူ "ငဖြူကြီး" အား စန္ဒရားမင်းကြီး၏ ရွာတည်မော်ကွန်းစာနှင့်အတူ ခန့်အပ်သည်။

မော်ကွန်းစာ  
၈ ။ မဟာစန္ဒရားမင်း၏ မော်ကွန်းစာမှာ ငွေပြား (သို့မဟုတ်) ကြေးပြားပေါ်တွင် ယင်းခေတ် ဝေသာလီသုံး ဗြဟ္မဟီအက္ခာဖြင့် ရေးထိုးထားပေလိမ့်မည်။ မြို့စားခန့် အမိန့်တော်ပြန်တမ်းဖြစ်၍၊ ယင်းခေတ်၏ အုပ်ချုပ်ရေး စနစ်ကျနမှုကို ခန့်မှန်းနိုင်ပါသည်။ ယင်းမော်ကွန်းစာတွင် ရာထူးခန့်အပ်ကြောင်းပါရှိသည်။ မော်ကွန်းကို သားစဉ်မြေးဆက် တရိုတသေ ထိန်းသိမ်းထားရသည်။ " ငညို" က မော်ကွန်းစာကို ဆက်ခံသည်။ အဆိုပါ မော်ကွန်းစာအရ ရမ်းဗြဲကျွန်း မှ (၃)နှစ် (၃)လ လျှင် တစ်ကြိမ်ကျ၊ ပေါက်ဆိန်သည် (၃၃)ဦး၊ လှေ(၃)စီး၊ ပျားဖယောင်း(၃၃)အိုး၊ ဝေသာလီဘုရင်ထံ ဆက်သရသည်။

အရှေ့ပြည်ရောက် ရမ်းဗြဲသားများ

၉ ။ အေဒီ  ၁၃၂၇-ခု တွင် အာဏာပိုင်တို့သည် ရမ်းဗြဲကျွန်းသို့ လာရောက်တိုက်ခိုက်သည်။ လူအချို့ကို ခေါ်ဆောင်ကာ မဏိပူရ နယ်စပ်တွင် အခြေချထားပေးခဲ့သည်။ အဝမင်းခေါင်လက်ထက် အေဒီ ၁၄၁၈ တွင် ရမ်းဗြဲကျွန်းသို့ လာရောက်တိုက်ခိုက်ပြန်သည်။ ဖမ်းဆီးရမိသော ရမ်းဗြဲသားများမှာ လမူးချောင်းဖျားမှ ကျောက်တံခါး၊ ကျောက်တံခါး မှ နုဂရစ်ကုန်း၊ မင်းတုန်း၊ ကာမအတိုင်း ယူဆောင်သည်။ အဝမင်းခေါင်အား ဆက်သရာ၊ စစ်ကိုင်းမြို့တွင် အခြေချထူထောင်ခဲ့ကြသည်။

၁၀ ။ အရှေ့ပြည်ရောက် ပင်လယ်ပျော် ရမ်းဗြဲသားများမှာ မပျော်မွေ့ကြ၊ ဘိုးဘွားစဉ်ဆက် နေထိုင်ခဲ့ကြသော ရမ္မာဝတီ ရမ်းဗြဲကျွန်းသို့သာ တမ်းတလျှက်ရှိသည်။ သို့ဖြစ်ရာ " ငါတို့ကား အသက်ကြီးပြီ၊ ငါတို့သည် ရမ်းဗြဲသားဖြစ်၍ ငါတို့ ဘိုးဘွားနေထိုင်ခဲ့ရာ ဇာတိမြေသို့ သားမြေးတစ်စုံတစ်ယောက် ရောက်ကြောင်းကြံ၍ သွားကြလေ၊ ဤမဟာ စန္ဒရား မော်ကွန်းစာကို ငါတို့ဘုရင်အား ဆက်သလေ" ဟု သားစဉ်မြေးဆက် မှာထားခဲ့ကြသည်။

၁၁ ။ ဤနည်းဖြင့် အခါအခွင့် အခြေအနေကို စောင့်စားခဲ့ကြသည်။ ဆွေစဉ်မျိုးဆက်၊ သုံးဆက်လွန်ပြီးနောက် "ငကောင်းရွှေ" " ငညို" "မောင်နှောင်း" အမျိုးးသမီး "တော်ပု" "အညို" စသည်တို့က ခေါင်းဆောင်၍၊ စုစုပေါင်း ရမ်းဗြဲသား (၁၀၆၀) ဦးတို့သည် တစ်တောဝင်၊ တစ်တောင်ကျော်၍ ဆွေစဉ်မျိုးဆက် မှာထားခဲ့ကြသည့် ရခိုင်မြေသို့ မှန်းဆကာ လာခဲ့ကြသည်။ ဝေသာလီပြည်ရှင် ဘုရင်စန္ဒား၏ မော်ကွန်းကျောက်စာကိုလည်း သုတို့နှင့်အတူ တရိုတသေယူလာခဲ့ကြသည်။ လမ်းခရီး၌ တစ်နှစ်ကြာပြီးမှ ရခိုင်ရိုးမကို ကျော်ပြီး လမူးချောင်းသို့ ရောက်ခဲ့ကြသည်။

၁၂ ။ လမူးချောင်းစား "ငဖြူ" က ရမ်းဗြဲသားများအား ဖမ်းဆီးကာ မြောက်ဦးဘုရင်ထံ ဆက်သလေသည်။ ရမ်းဗြဲသားများသည် ယင်းတို့သားစဉ်မြေးဆက် ထိန်းသိမ်းလာခဲ့သော မဟာစန္ဒရား မော်ကွန်းစာကို ပြ၍ မိမိတို့၏ ဘဝဇာတ်လမ်းစုံကို လျှောက်တင်ကြလေသည်။ မော်ကွန်းစာအား မြောက်ဦးနန်းတော်တွင် ရွှေစာဖတ်"မောင်ပု" က ဖတ်ပြသည်။ အကြောင်းစုံ သိရသော် မြန်မာသက္ကရာဇ် (၈၈၀) အေဒီ (၁၅၁၈) တွင် ရှေးဘေးဘိုး အစဉ်အလာအတိုင်း ရမ်းဗြဲကျွန်းတွင် တည်ထောင်စားသောက်စေသည်။

၁၃ ။ ရမ်းဗြဲကျွန်းသည်ကား အကြိမ်ကြိမ်ဖျက်ဆီးခံရ၍ ဘုရားပုထိုး၊ ဂူ၊ ကျောင်း၊ နေအိမ်အားလုံး ပျက်စီးခဲ့ပြီး ဖြစ်ရကား၊ စီးပွားရေး၊ လူမှုရေး၊ အဖက်ဖက်မျ ပြည့်သုံအောင် တည်ဆောက်ရသည်။ မြောက်ဦးမြို့တော်မှ အနန္တသူရိယ၊ အမတ်ကြီးတို့နှင့် အတူ၊ သီဟိုဋ္ဌ်ပြန်အောင်လှ၊ သိုက်တတ်ဟရီ၊ ပညာရှိများ၊ ပန်းတိမ်သည်၊ သံထည်သည်၊ ဘုန်းကြီး စသည်ဖြင့် စုံအောင် ရွာအလိုက် နေရာချထားပေးသည်၊ ပြင်ဝန်းတွင် ဘုရားသုံးကျိတ်တစ်ပါး၊ ကျောက်စာတိုင် သုံးလုံး၊ ကျက်တောပြင်တွင် ကျောက်စာတိုက် ခုနှစ်လုံး၊ ရေချမ်းကြီးပြင်လယ်ချောင်းတွင် ဘုရားသုံးကျိတ်၊ ဓါတ်တော်ငါးလုံး မင်းပြင်တောင်ရင်း၊ သိမ်ကျောင်းအနီးတွင် ကျောက်စာတိုင် ခုနှစ်လုံး စသည်ဖြင့် သာသနာရေးအတွက် ဆောင်ရွက်သည်။ ကျောက်စာတိုင်းတစ်ခုတွင် အောက်ပါအတိုင်း ရေးထိုးထားသည်။
    " ငါ့ကောင်းမှုကို ဖျက်သီပြုသော သူကား၊ သာသနာငါးထောင်                   တိုင်စောင့်နတ်ဖြစ်၍ သေလေစေ၊    အရင်မင်းကိုစောင့်သော နတ်သတ် လျှက် သေလေစေ၊ ဘုရားတစ်သောင်းပွင့်၍ မတွဲ့ပဲ ဟိလေစေ၊ ကဘာမြေကားအထက် ငါကောင်းမှုရိုင် ဖျက်ဆီးခြားနားပြုသော သူကား အောဝီဇိတွင် ဟိစေလေ"                                  "ကျောက်စာတိုင်ကား သုံးတောင်နှင့် လက်ဝါးထဘီ"

၁၄ ။ နှစ်ပေါင်းနှစ်ရာကျော် ကြာညောင်းခဲ့လေပြီ၊ ရမ္မာဝတီ ရမ်းဗြဲကျွန်းကား ဘင်္ဂလားပင်လယ်အော်ထဲတွင် တည်ငြိမ်အေးချမ်းစွာ ရပ်တည်ဆဲ
"အေးအေးထွေထွေ၊ ရံပင်လေ(လယ်)နှင့် ကမ်းခြေသာယာ ကျွန်းရမ္မာဟု၊ အုပ်အော်ပင်လယ်၊ ပျော်ပါးဘွယ်နှင့် မြနယ်မြရောင်၊ မြရိပ်ဆောင်သည်၊ မြတောင်၊ မြတော၊ မြရောင်ကျောသည့်၊ မနောရမ္မာ၊ ကျွန်းဒီပါထက်၊ အချက်ချက်ဖွေ၊ အထွေထွေတိ၊ မြူတေပွားစီး၊ တန်းတပ်ဘီးမျှ၊ သစ်သီးဝလံ၊ ပေါများလျှံသည်" ဟု ကင်းဆရာက စပ်ဆိုခဲ့ပေသည်။
သို့သော် လည်း ရမ်းဗြဲသားများအဖို့၊ ကံကြမ္မာရမတ် တပတ်လည်ပြန်၍၊ တိုင်းပြည်မငြိမ်မသက်ဖြစ်ကာ၊ ဇာတိမြေကို စွန့်ခွာပြေးရပြန်သည်။ ကမ်းမမြင်၊ လမ်းမမြင်၊ ပင်လယ်ခရီးကို စွန့်စားခန်း ထုပ်ခဲ့ရပြန်သည်၊ ဤနည်းဖြင့် ရမ်းဗြဲသားများသည် ဘင်္ဂလား အဝကျွန်းသို့ ရောက်ခဲ့ရပြန်သည်။

ရမ်းဗြဲစကား

၁၅ ။ "ရမ်းဗြဲစကား" ဟူသည်မှာ သီခြားလုမျိုးစု မဟုတ်မူပဲ၊ ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော တိုင်းရင်းသားများအနက် တစ်ခုအပါအဝင်ဖြစ်သည့် ရခိုင်ရိုးမ၏ အနောက်ဘက်ခြမ်းမှ ရခိုင်သားများပင်ဖြစ်ပါသည်။ ချောင်းနားနေသူကို "ချောင်းသား"တောင်မှာနေသူကို" တောင်သား"ကျွန်းမှာနေသူကို"ကျွန်းသား " ဟု ခေါ်သကဲ့သို့ ရမ်းဗြဲကျွန်းမှာ နေသူများဖြစ်၍ "ရမ်းဗြဲသား "ဟု ယေဘုယျ ခေါ်ဆိုခြင်းသာ ဖြစ်သည်။ နှစ်ပေါင်းထောင်ချီ၍ သမိုင်းအမျိုးမျိုးကို ဖြတ်သန်းလာခဲ့ပြီးနောက်တွင် ရမ်းဗြဲကျွန်းတစ်ခုထဲတွင် မတွေ့ရပဲ ရခိုင်ပြည် အနှံ့နှင့် ယင်းထက်ပို၍ ပို၍ လှမ်းသည့်နေရာထိ ရေခြားမြေခြားတွေ့ရသည်။ သို့သော် မိရိုးဖလာ၊ စဉ်လာဓလေ့များကို မမေ့ပစ်ကြ၊ မဖျောက်ပစ်ကြ၊ ပြောဆိုသုံးစွဲသောစကားမှာ ရခိုင်ဒေသန္တ၇ စကားသာဖြစ်၍ ရမ်းဗြဲစကား ( Rambye Dialects) ဟု ခေါ်ဆိုကြသည်။ လေယူလေသိမ်း အသုံးနှုန်းမှာ စိတ်ဝင်စားဘွယ် ဖြစ်သည်။

၁၆ ။ ရမ်းဗြဲသားများမှာ လုံချည် (ဒယော) ကို (ခယောက်၊ ခတောင်း) ဟူ၍ လည်းကောင်း၊ ခလေး (အဘုချေ) ကို (အစိတ်ကေချေ) ဟူ၍ လည်းကောင်း ခေါ်ကြသည်။ မိသားစု၊ ဆွေမျိုးအခေါ် အဝေါ်နှင့် ပတ်သက်၍လည်း အိယောင် (မိခင်)၊ ဘာဘာ (ဖခင်)၊ ဒိုးဒိုး (အဖွား)၊ မင်းမင်း (ဦးလေး) ဟူ၍ ခေါ်ဆိုကြသေးသည်။ ရခိုင်ဒေသန္တရစကား အချို့တွင် "ရှိယင့်" "ရှိလား" ဟု သုံးစွဲပြောဆိုကြသော်လည်း၊ ရမ်းဗြဲသားများမှာ "ဟိရေ" "ဟိလား" စသည်ဖြင့် ပြောကြသည်။

၁၇ ။ အေဒီ ၁၄၅၅-ခု ဘစောဖြူမင်းလက်ထက် "ဖဒူမင်းညို" ရေးစပ်သီကုန်းသော မှောက်တော်ဧချင်းအပိုဒ် (၉) တွင် "မဟာမုနိ၊ ဟိသည်၊ ယခု ဆင်းရုပ်တုကို" ဟု၍ တွေ့ရပေရာ၊ ရမ်းဗြဲစကားကပို၍ ရခိုင်ဆန်သည်၊ ရှေးကျသည်၊ အေဒီ ၁၁၂၃-ခုတွင် ရေးထိုးသော ကောလိယကျောက်စာ၌ "ငါနှင့်တူသူ၊ လူတွင်မဟိ" ဟူ၍ ရမ်းဗြဲစကား " ဟိ" ကို သုံးထားသည်။ ရမ်းဗြဲသားများ သုံးစွဲလေ့ရှိသော " ရေပသျှောင် မလုပ်ကေ့" (ဤကဲ့သို့ မလုပ်နဲ့) "အစွာဖြိုက်တောင်" (ဘာဖြစ်လဲ) စသော အသုံးနှုန်းများကို ဝေသာလီ၊ ရွှေတောင်ကျောက်စာ၊ အေဒီ ၄၇ ခု မှ ၉၇ ခုတွင် ဤသို့ တွေ့ရသည်။

နေရာအနှံ့နေထိုင်ကြသော ရမ်းဗြဲသားများအား အောက်ပါရမ်းဗြဲစကားဖြင့် ခွဲခြား၍ သိနိုင်သည်။ ရမ်းဗြဲသား ဇာတိပြသည်ကား ဤအသုံးနှုန်းပင် -
၁။   မင်းတို့ ဘယ်တော့လာမှာလဲ    (မြန်မာ)
      မန်းရို့ ဇာခါလာဖို့လေး           (စစ်တွေ)
      မတ်ရို့ အဇာခါလာဖို့ရောင်       (ရမ်းဗြဲ)
၂။   မရှိတော့ဘူး                        (မြန်မာ)
      မရှိဗျာယ်                            (စစ်တွေ)
      မဟိရာ                               (ရမ်းဗြဲ)

၁၉ ။ ၁၉၁၇- ခုနှစ်ထုပ် ဘာသာစကား သန်းခေါင်စာရင်းအရ ရခိုင်ပြည်နယ်တွင် ရမ်းဗြဲစကားပြောသူ ဦးရေ (၅၉၀၂၄) ဦးရှိ၍ ရခိုင်စကားပြောသူ (၅၀၆၁၃) ဦးရှိကြောင်း သိရှိရပေသည်။ ရမ်းဗြဲမြေကား ကျွန်းဟုဆိုသော်လည်း ပြန့်ပြူးသော မြေမျက်နှာပြင်ကား မဟုတ်၊ တောတောင်လျှိုမြောင်၊ ရေတံခွန်စိမ့်စမ်းတို့ဖြင့် ပြည့်နက်ဘိ၏၊ လယ်မြေ၊ ယာမြေ နည်းပါး၍ လုပ်ခင်းကိုင်းခင်းမကောင်းပေ၊ သို့ကြောင့်ပင် ကာယလုပ်အားထက် ညာဏလုပ်အားကို အားကိုးရသည်။ ရမ်းဗြဲသားများတွင် ဘုန်းကြီး၊ ဗေဒင်ဆရာ၊ ဆေးဆရာ၊ စာပေ၊ မနုပညာရှင်၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာ၊ ပန်းပဲ၊ ပန်းရံ၊ ပန်းတိမ်၊ လက်သမား၊ စာဟောဆရာ၊ ငစေဆရာ စသည်ဖြင့် အတတ်ပညာမျိုးစုံတတ်ကြသည်။


၂၀ ။ ရမ်းဗြဲသားများသည် မိမိတတ်သောပညာဖြင့် သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် နေ့ခင်းရက်သာရာသီများတွင် မြန်မာပြည်အနှံ့ ခရီးဆန့်၍ မနေမနား၊ ပျားပန်းခတ်မျှ အလုပ်လုပ်ကြသည်။ သို့ကြောင့်ပင် စစ်တွေခရိုင် အရေးပိုင်ဟောင်း အာ၇်ဘီစမတ် (R.B.Smart) က စစ်တွေခရိုင် ဂဇက်တီးယားစာအုပ်တွင် ရမ်းဗြဲသားများသည် လုံလဝရိယနှင့် ပြည့်စုံကြသည် စသည်ဖြင့်ဖော်ပြခဲ့သည်။ ပရိယောသနဝမ်းရေးးအတွက် မည်သည့်နေရာတွင် မည်မျှပင် မည်မျှပင်ကြာကြာနေရ နေရ  ဇာတိသနစ်ကိုကား မဖျောက်ပစ်ကြ၊ ကံကြမ္မာဂြိုလ်ဆိုး မည်မျှပင်တိုးစေ နှစ်ပေါင်းထောင်ချီ၍ သမိုင်းအမျိုးမျိုးကို တွန်းလှန်းကျော်လွှားခဲ့ကြပြီး ကြံ့ကြံ့ခံခဲ့ကြပြီး ခရီးရှည်ချီတက်ပွဲကြီး အကြိမ်ကြိမ်နွှဲခဲ့ဘူးကြပြီ။

၂၁ ။ ယခုအခါ ရမ်းဗြဲမြို့တွင် ရပ်ကွက်(၆) ခုရှိသည်။ သာယာကုန်း၊ သဲပြုချိန်၊ ရွှေတုံး၊ အိုးဖိုစု၊ ပုတင်းစု၊ တန်းနားပြင်၊ အင်းတောင်၊ အောင်ဆိပ်၊ ကင်းတဲ၊ ကုလားတန်း၊ အုန်းထပင်စု၊ အောင်စေတီ၊ လောင်းချောင်း၊ တန်းရွာ၊ ပုလုပ်တောင် စသည်ဖြင့် အစုငယ်များခွဲခြားထားသည်။ မြို့၏ ကျက်သရေဆောင် သမိုင်းဝင် ကိုယ်ရန်တောင် စေတီတော်ဘုရားကြီး တည်ရှိသည်၊၊ ရိုးရာပွဲများ အနက် ရမ်းဗြဲမြို့၏ ရခိုင်ရိုးရာလှေပြိုင်ပွဲမှာ အထင်ရှားဆုံးဖြစ်သည်။ ရမ်းဗြဲသားများအနေဖြင့် မိမိတို့၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများကို ထိန်းသိမ်းဖော်ထုတ် ကြရဦးမည်မှာ ယုံမှားဖွယ်ရာ မရှိပါကြောင်း တင်ပြလိုက်ရပါသည်။

                   


                  ဖတ်ရှုသူပရိသတ်များကို ရမ်းဗြဲသား ဘလော့  မှ အထူးပင်ကျေးဖူးတင်ရှိပါသည်။
                        ဆက်လက်ပြီး ရခိုင်ရိုးရာ လှေပြိုင်ပွဲ ကို ဆက်လက်ရေးသားပါဦးမည်။
   ဒီ ဘလော့လေးကို ရမ်းဗြဲမှ ညီအစ်ကိုမောင်နှမများမှ ဆက်လက်ဖြန့်ဝေပေးကြပါလို့ တိုက်တွန်းပါတယ်
                           သတင်း၊ သမိုင်း၊ ဓါတ်ပုံများ နှင့်အကြံပြုစာများပေးပို့နိုင်ပါတယ်          
                     
                                            yambye.aungrammer@gmail.com
                                                   Facebook / phyoe phyoe